ကော်လဂျင် သောက်တာကောင်းသလား
ကော်လဂျင်ဆိုတာ လူတိုင်းနီးပါး ကြားဖူးပြီး ခေတ်စားနေတာ ကြာပါပြီ။ ကော်လဂျင်ပါတဲ့ Skin care တွေ၊ ကော်လဂျင်အမှုန့်၊ ကော်လဂျင် ဆေးလုံးတွေ စသဖြင့် သုံးစွဲနိုင်တဲ့ ပုံစံလည်း အမျိုးမျိုးရှိပါတယ်။
သုံးစွဲနေသူတွေလည်း အများကြီး ရှိမှာပါ။ ဒီတော့ ကော်လဂျင်ဆိုတာ ဘာလဲဆိုတာရယ်၊ ကော်လဂျင်သောက်တာ ကောင်းသလားဆိုတာရယ် ပြောပြပေးမယ်နော်။
ကော်လဂျင်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတော်တော်များများမှာ တွေ့ရတဲ့ ပရိုတင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အရိုး၊ အရွတ်နဲ့ ကြွက်သားတွေ သန်မာဖို့၊ အရေပြားလှပတင်းရင်းဖို့၊ မျက်လုံးတွေ ကြည်လင်ဖို့နဲ့ သွားတွေခိုင်မာဖို့ အရေးပါတဲ့ ပရိုတင်းပါ။
ကော်လဂျင် အမျိုးအစား စုစုပေါင်း ၂၈မျိုးခန့် ရှိပြီး အရေးအပါဆုံးကတော့ နံပါတ် ၁ ကနေ ၄ ထိပါ။
- Type I...နံပါတ် ၁ အမျိုးအစား ကော်လဂျင်ကိုတော့ ခန္ဓာကိုယ်ရဲ့ တစ်ရှူးအားလုံးနီးပါးမှာ တွေ့ရတတ်ပါတယ်။
- Type II...နံပါတ် ၂ အမျိုးအစားကတော့ အရိုးအဆစ်တွေနဲ့ ကျောရိုးမှာ တွေ့ရတတ်ပြီး အရိုးအဆစ်တွေ လှုပ်ရှားရလွယ်ကူအောင် ကူရှင်သဘောမျိုး ဆောင်ရွက်ပေးတာပါ။
- Type III...နံပါတ် ၃ အမျိုးအစားကတော့ အရေပြားနဲ့ သွေးကြောတွေမှာ တွေ့ရတဲ့ ကော်လဂျင်ပါ။
- Type IV...နံပါတ် ၄ အမျိုးအစားကိုတော့ ကျောက်ကပ်၊ နား နဲ့ မျက်စိမှာ တွေ့ရတာပါ။
အခုအခါမှာ ကော်လဂျင်ကို ဖြည့်စွက်အစာအဖြစ် သုံးစွဲမှု အများအပြားရှိလာပါပြီ။
ကော်လဂျင် ဘာကြောင့် သောက်သင့်လဲ?
အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်ထဲက ကော်လဂျင်တွေ ဆုံးရှုံးမှု များလာပါတယ်။ ဆေးလိပ်နဲ့အရက်သောက်တာ၊ နေရောင်ကာခရင်မ် မလိမ်းဘဲနေပူထဲထွက်တာနဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့်လည်း ကော်လဂျင်တွေ ဆုံးရှုံပါသေးတယ်။
ကော်လဂျင်တွေ လျော့နည်းလာတဲ့အခါ အသားအရေလျော့တွဲတာ၊ အရေးအကြောင်းတွေပေါ်လာတာ၊ အရိုးအဆစ်တွေ လှုပ်ရှားလို့မကောင်းတော့တာ၊ အရိုးပွတာ၊ ဆံပင်ကျွတ်တာ၊ လက်သည်းခြေသည်းတွေ ကျိုးလွယ်တာတွေ ဖြစ်လာပါတယ်။
ကော်လဂျင်လုံလောက်ရင် ရတဲ့အကျိုးကျေးဇူးတွေ...
၁) အသားအရေ တင်းရင်းစိုပြေစေပြီး အရေးအကြောင်းတွေ သက်သာစေတာ
၂) အဆစ်နာတာတွေ သက်သာစေတာ (အရိုးအဆစ်တွေ လှုပ်ရှားရလွယ်အောင် ကူရှင်သဘောမျိုးလုပ်ပေးတဲ့ အရိုးနုလေးကို ကော်လဂျင်က သန်မာစေပါတယ်)
၃) အရိုးတွေ သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးတာ
၄) ကြွက်သားတွေ သန်မာစေတာ
၅) သွေးကြောတွေ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းတဲ့အတွက် နှလုံးကျန်းမာရေး ကောင်းတာ
၆) ဆံပင်နဲ့ လက်သည်းခြေသည်းတွေ သန်မာစေတာ စတာတွေပါပဲ။
တစ်နေ့ကို ကော်လဂျင်ဘယ်လောက်သောက်ရင် လုံလောက်သလဲ?
တစ်နေ့ကို 2.5 ကနေ15 gram ကြားသောက်ရင် လုံလောက်ပါတယ်။
အသားအရေ လှပဖို့အတွက်ဆို ၈ ပတ်လောက်သောက်ရင် သိသာမှာ ဖြစ်ပြီး အရိုးအဆစ်သန်မာဖို့ ဆိုရင်တော့ ၁၂ လလောက် သောက်ရင် သိသာတဲ့ အကျိုးအာနိသင် ရမှာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိသလား?
ပျို့ချင်အန်ချင်တာ၊ ပြည့်အင့်နေတာမျိုးကလွဲလို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ ကော်လဂျင်အများစုက ပင်လယ်ငါး၊ အမဲသားနဲ့ ကြက်သားကနေ ထုတ်လုပ်တာမို့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တတ်တာမျိုးရှိတတ်ရင်တော့ မသောက်သင့်ပါဘူး။
ကော်လဂျင်ကြွယ်ဝတဲ့ အစားအစာတွေ စားရင်လည်း ကော်လဂျင် လုံလောက်စွာ ရနိုင်ပါတယ်။ အမဲသား၊ ကြက်သား၊ ငါး၊ ရိုးတွင်းခြင်ဆီ၊ ဥအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ green tea လက်ဖက်စိမ်း၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အချဥ်အရသာရှိတဲ့ သစ်သီးတွေ၊ ငရုတ်ပွ၊ ထောပတ်သီး နဲ့ အစေ့အဆန်တွေမှာ ကော်လဂျင် ကြွယ်ဝစွာပါဝင်လို့ အာဟာရဖြစ်အောင် စားရင်လည်း ကော်လဂျင်လုံလောက်စွာ ကျန်းမာလှပလာမှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်